ရာသီလာချိန်မှာ ကျန်းမာသန့်ရှင်းနေစေဖို့ဆိုရင်
ရာသီလာတယ်ဆိုတာ …
ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်တဲ့ သဘောနဲ့ သားအိမ်ရဲ့ နံရံဟာ တစ်လတစ်ခါ ထူလာလေ့ ရှိပြီး သားဥအိမ်ကနေ မမျိုးဥ ကြွေကာ မမျိုးဥက အမျိုးသားရဲ့ သုတ်ကောင်နဲ့ တွေ့ရာက မျိုးအောင်သွားတဲ့အခါ သားအိမ်နံရံကို တွယ်ကပ်ပြီး သန္ဓေသား ဖြစ်လာပါလိမ့်မယ်။ အကယ်၍ မမျိုးဥက သုတ်ကောင်နဲ့ မတွေ့တာ၊ သုတ်ကောင်နဲ့ တွေ့ပေမယ့်လည်း မျိုးမအောင်တာ ဖြစ်ခဲ့ရင်တော့ သားအိမ်နံရံတွေက ကွာကျလာပြီး မိန်းမကိုယ်ကနေ သွေးနဲ့တစ်ရှူးတွေ စီးဆင်းလာတာကို လစဥ် ရာသီလာတယ်လို့ ခေါ်ပါတယ်။
ကျန်းမာတဲ့ အမျိုးသမီးတွေဟာ အပျိုဖော်ဝင်ချိန်ကနေ သွေးဆုံးတဲ့အထိ (ကိုယ်ဝန်ဆောင်ချိန်မှ လွဲ၍) လစဥ်ရာသီလာရပါတယ်။
ရာသီလာနေချိန်မှာ…
- ရောဂါပိုးတွေ မဝင်ရောက်နိုင်စေဖို့
- အနံ့အသက်တွေ ကင်းစေဖို့နဲ့
- သက်တောင့်သက်သာ ရှိနေစေဖို့ တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးကြီးပါတယ်။
ရာသီလာစဥ် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေ အမျိုးမျိုး ရှိပါတယ်။ ဘယ်ပစ္စည်းကို သုံးသည်ဖြစ်စေ မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးချိန်မှာ လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့ လိုပါတယ်။
အမျိုးသမီးလစဥ်သုံးပစ္စည်း (Pads) တွေသုံးတဲ့အခါ (သွေးစီးဆင်းမှု နည်းရင်တောင်) ၃-၄ နာရီခြားတစ်ခါ ပုံမှန် လဲလှယ်ပေးဖို့ လိုပါတယ်။ Tampons နဲ့ Menstrual Cups တွေလို မွေးလမ်းကြောင်းထဲကို ထည့်ထားရတာတွေကိုတော့ ၄-၈ နာရီခြားတစ်ခါ လဲပေးသင့်ပါတယ်။ ပုံမှန်လဲလှယ်ခြင်း မပြုဘဲ ကြာရှည်သုံးစွဲတဲ့အခါ အစိုဓာတ်ကြောင့် ဘက်တီးရီးယားနဲ့ မှိုပိုးတွေ ပေါက်ဖွားနိုင်ပါတယ်။
Tempons နဲ့ Pads တွေ သုံးတဲ့အခါ အမွှေးနံမပါတာကို ရွေးချယ်ပါ။ အမွှေးနံ့ထည့်ထားတာတွေက ယားယံဓာတ်မတည့်စေနိုင်သလို မိန်းမကိုယ်ရဲ့ pH Balance ကိုလည်း ပျက်ပြားစေပါတယ်။
Menstrual Cup တွေကို အသုံးပြုပြီးတိုင်း သေချာစွာပြန်လည်ဆေးကြောဖို့ သတိထားရပါမယ်။ ရာသီလာစဥ် အသုံးပြုလို့ရတဲ့ Period Underwear တွေကတော့ လျှော်ဖွတ်ပြီး ပြန်လည်အသုံးပြုလို့ ရတဲ့အရာတွေပါ။
မိန်းမကိုယ်တဝိုက်ကို နေ့စဥ်သန့်ရှင်းရေး လုပ်ပေးဖို့ လိုအပ်ပြီး ရေကိုသာ အသုံးပြုသင့်ပါတယ်။ မိန်းမကိုယ်ဟာ အလိုအလျောက် သန့်ရှင်းရေးလုပ်တဲ့အင်္ဂါဖြစ်တာကြောင့် ဆပ်ပြာအပါအဝင် တခြားအနံ့ပါတဲ့ ဓာတုပစ္စည်းတွေ ထည့်သွင်းဖော်စပ်ထားတဲ့ သန့်ရှင်းရေးပစ္စည်းတွေ သုံးတဲ့အခါ မိန်းမကိုယ်ရဲ့ pH Level ပျက်စီးသွားပြီး Bacterial Vaginosis ဖြစ်ကာ မိန်းမကိုယ်ယားယံတတ်ပါတယ်။
- အသုံးပြုပြီးသား Pads တွေကို သေချာထုပ်ပိုးပြီး စွန့်ပစ်တာကလည်း တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အရေးကြီးတဲ့ အရာပါ။
- ရာသီလာနေစဥ် လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ ချည်ထည်နဲ့ လုပ်ထားတဲ့ အဝတ်အစားတွေနဲ့ အောက်ခံဘောင်းဘီတွေ ဝတ်ဆင်သင့်ပါတယ်။
- ရေချိုးပြီး သန့်သန့်ရှင်းရှင်း နေသင့်သလို လိုအပ်ရင် ခေါင်းလျှော်လို့လည်း ရပါတယ်။ ရာသီလာစဥ် ခေါင်းလျှော်ရင် ဦးနှောက်ခဲပြီး သေတတ်တယ်ဆိုတဲ့ အရပ်သုံးစကားတွေက အမှန်မဟုတ်ပါဘူး။ ရေချိုးခေါင်းလျှော်တဲ့အခါ အချိန်အရမ်းမကြာဘဲ လျှော်ပြီးသွားရင်လည်း သေချာခြောက်အောင် သုတ်ဖို့တော့ လိုအပ်ပါတယ်။
- ရာသီလာစဥ် နာကျင်ကိုက်ခဲတာတွေအတွက် Ibuprofen ပါတဲ့ အကိုက်အခဲပျောက်ဆေးကို ရာသီ စလာလာချင်းမှာ သောက်တာက ပိုပြီးသက်သာစေနိုင်ပါတယ်။ ရေနွေးအိတ်ကပ်လို့လည်း ရပါတယ်။
- ရာသီလာစဥ် ရေနဲ့အရည် များများသောက်တာက ဆီးလမ်းကြောင်းကို သန့်ရှင်းစေပြီး ပိုးမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ရာသီလာတာက အမျိုးသမီးတိုင်း လစဥ်ကြုံတွေ့ရတဲ့ ကိစ္စမို့ လူမမာကြီးလို လုပ်နေဖို့ မလိုဘဲ ပေါ့ပါးသွက်လက်စွာ နေနိုင်ဖို့ လိုပါတယ်။ ရာသီသွေးရဲ့ အနံ့အသက်က ဆိုးလာတာ၊ ပုံမှန်မဟုတ်တဲ့ နာကျင်မှုရှိတာ၊ ရာသီမလာတာ သို့မဟုတ် သွေးသွန်တာ ဆိုရင်တော့ မီးယပ်နဲ့သားဖွားဆရာဝန်နဲ့ ပြသဖို့ လိုပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်